ဆေးရုံအကြောင်း

စင်ဖတ် ကလေးဆေးရုံ (Synphaet Children’s Hospital)

လျင်မြန်စွာတိုးတက်လာသော ဘန်ကောက်မြို့အရှေ့ပိုင်းနေ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ၁၉၉၁ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့သော ကလေးဆေးခန်းငယ်လေးမှသည် ယနေ့အချိန်တွင် စင်ဖတ်ဆေးရုံသို့ လာရောက်ပြသသော ကလေးလူနာအရေအတွက်သည် အလွန်လျင်မြန်စွာ တိုးပွားလာခဲ့သည်။

စင်ဖတ်ဆေးရုံ အုပ်ချုပ်မှုအဖွဲ့အနေဖြင့် နေရာအခက်အခဲ၊ ဆရာဝန်ပြသရန် စောင့်ဆိုင်းရသည့်အချိန်နှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ကလေးလူနာများအတွက် ခုတင်အရေအတွက် ကန့်သတ်ချက်များ မရှိစေရန် ရည်ရွယ်၍ စင်ဖတ်ဆေးရုံကြီးမှ သီးခြားခွဲထုတ်ထားသော ၇ ထပ်အဆောက်အအုံဖြစ်သည့် “ စင်ဖတ်ကလေးဆေးရုံ” ကို တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ အဆိုပါအဆောက်အအုံတွင် ပြင်ပလူနာများ (OPD) အတွက် ၂ ထပ် သတ်မှတ်ထားပြီး ကျန်အထပ်များကို အတွင်းလူနာဆောင်များ (IPD) အဖြစ် သတ်မှတ်ထားပါသည်။ ထို့အပြင် ဖျားနာသောကလေးများနှင့် ကာကွယ်ဆေးထိုးရန်လာသော ကျန်းမာသောကလေးများအတွက် နေရာများကို သီးခြားခွဲခြားထားသဖြင့် ကာကွယ်ဆေးထိုးရန်လာသော ကလေးငယ်များ အခြားကူးစက်ရောဂါများ ကူးစက်ခံရမည့်အန္တရာယ်မှ ကာကွယ်ပေးထားပါသည်။

စင်ဖတ်ကလေးဆေးရုံသည် ဘန်ကောက်မြို့အရှေ့ပိုင်းနှင့် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများအတွက် သားသမီးငယ်များအား ပြုစုကုသပေးရာတွင် အားထားရာ ပုဂ္ဂလိက ကလေးဆေးရုံကြီးတစ်ခု ဖြစ်သည်။ ကလေးငယ်များ၏ ခန္ဓာကိုယ်စနစ်တိုင်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ကုသပေးနိုင်သည့် စွမ်းဆောင်ရည်နှင့် အဆင်သင့်ရှိမှုတို့ဖြင့် One Stop Hospital ဖြစ်စေရန် ရည်ရွယ်ထားပါသည်။

စင်ဖတ်ကလေးဆေးရုံ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ဖတ်ချရာဝလိုင် ရတ်စမီးထတ် (Dr. Patcharawalai Rasamitat) သည် ကလေးရောဂါအထူးကုဆရာဝန်ကြီးများ အားလုံးနီးပါး ပါဝင်သော စီမံခန့်ခွဲမှုမူဝါဒကို အလေးထားဆောင်ရွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆေးရုံသို့ လာရောက်ပြသသော ကလေးလူနာများတွင် သင်ယူမှုအခက်အခဲ၊ အာရုံစူးစိုက်မှုအားနည်းခြင်း (ADHD) နှင့် အော်တစ်ဇင် (Autism) ကြောင့် စကားပြောနှေးကွေးခြင်းစသည့် ပြဿနာများကို တွေ့ရှိရသောကြောင့် ကလေးများ၏ ဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ ကုထုံးပညာရှင်များဖြစ်သော Growth and Development ကလေးအထူးကုဆရာဝန်များ နှင့် ကလေးနှင့်လူငယ် စိတ်ကျန်းမာရေးဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုဖြင့် အဆိုပါကလေးများကို အထူးဂရုစိုက် စောင့်ရှောက်ပေးလျက်ရှိသည်။

ခေတ်မီနည်းပညာများ တိုးတက်လာသည်နှင့်အမျှ စင်ဖတ်ကလေးဆေးရုံသည် လူနာမှတ်တမ်းများကို လက်ရေးဖြင့်ရေးသားခြင်းမှ ကွန်ပျူတာ သို့မဟုတ် iPad ဖြင့် ထည့်သွင်းသည့်စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့သည်။ ထို့အပြင် ဆေးဝါးပေးဝေခြင်း၊ ဆေးထိုးခြင်းနှင့် လူနာမည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရာတွင် ဘားကုဒ်စကင်န်ဖတ်ခြင်း (Barcode Scan) စနစ်ကို အသုံးပြုထားသည်။ Smart OPD နှင့် Smart IPD စနစ်များကို အသုံးပြုထားသဖြင့် ဆေးစစ်ချက် သို့မဟုတ် ဓာတ်ခွဲခန်းစစ်ဆေးချက်များတွင် ပုံမှန်မဟုတ်သော အဖြေများထွက်ပေါ်လာပါက ဆရာဝန်နှင့် နာပြုများထံသို့ ချက်ချင်း သတိပေးအကြောင်းကြားပေးနိုင်သော စနစ်ပါဝင်ပြီး ကုသမှုစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်တိကျစေပါသည်။

စင်ဖတ်ကလေးဆေးရုံတွင် အသုံးပြုနေသော ခေတ်မီနည်းပညာများကြောင့် ဆရာဝန်များသည် စာရွက်ဖိုင်များကို လှန်လှောကြည့်ရှုရန်မလိုဘဲ iPad ဖြင့်သာ ဆေးစစ်ချက်မှတ်တမ်းအားလုံးကို ကြည့်ရှုနိုင်သည်။ လူနာအခန်းသို့ သွားရောက်စစ်ဆေးရာတွင်လည်း iPad တစ်လုံးတည်းဖြင့် လူနာနှင့် မိဘများအား ရောဂါအခြေအနေနှင့် ဓာတ်မှန်ပုံရိပ်များကို တိုက်ရိုက်ပြသရှင်းလင်းနိုင်သည်။ အရေးကြီးဆုံးမှာ ဆရာဝန်မှ ဆေးညွှန်းများကို ဤစနစ်မှတစ်ဆင့် တိုက်ရိုက်မှာယူနိုင်သဖြင့် ဆေးဝါးဌာနသို့ ချက်ချင်းရောက်ရှိပြီး၊ လက်ရေးမသဲကွဲခြင်း သို့မဟုတ် ဒသမကိန်းဂဏန်း မှားယွင်းခြင်းများကို လျှော့ချပေးနိုင်သည့်အပြင် စက္ကူသုံးစွဲမှုကိုလည်း များစွာ လျှော့ချပေးနိုင်သည်။

ဒေါက်တာ ဖတ်ချရာဝလိုင် က “မိခင်တစ်ဦးအနေနဲ့ ကိုယ့်ရင်သွေးကို ဆေးရုံပြသမယ်ဆိုရင် သားသမီးကို သေချာစောင့်ရှောက်ပေးနိုင်မယ့် အထူးကုဆရာဝန်တွေရှိတဲ့ ဆေးရုံကို ရွေးချယ်မှာပါ။ ဥပမာ – ကလေးက အသက်ရှူလမ်းကြောင်းရောဂါ၊ ဓာတ်မတည့်ရောဂါ၊ အစာအိမ်ရောဂါ၊ ခဏခဏအန်တာ၊ ဝမ်းချုပ်တာ ဖြစ်နေရင် သို့မဟုတ် အသက် ၂ နှစ်ပြည့်တဲ့အထိ စကားမပြောသေးရင် မှန်ကန်တဲ့ ရောဂါရှာဖွေကုသမှုကို ခံယူဖို့ အလွန်အရေးကြီးပါတယ်။ ခေတ်မီပြီး သက်သောင့်သက်သာရှိတဲ့ နေရာဖြစ်တဲ့အပြင် နည်းပညာတွေနဲ့ လူနာကို စောင့်ရှောက်ပေးမယ်ဆိုရင် မိဘတွေအနေနဲ့ သားသမီးအတွက် ဆေးရုံရွေးချယ်ရာမှာ အဓိကအချက် ဖြစ်လာပါတယ်” ဟု ၎င်း၏ ခံစားချက်ကို မျှဝေခဲ့သည်။

စင်ဖတ်ကလေးဆေးရုံသည် စနစ်တစ်ခုလုံး ကမ္ဘာ့အဆင့်မီ (JCI) လက်မှတ် ရရှိထားပါသည်

အမေရိကန်နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဆေးရုံစံချိန်စံညွှန်းစစ်ဆေးရေးကော်မတီ (JCI) သည် မေလနှောင်းပိုင်းတွင် စင်ဖတ်ဆေးရုံနှင့် စင်ဖတ်ကလေးဆေးရုံတို့၏ ဆေးဘက်ဆိုင်ရာစနစ်များကို ၅ ရက်ကြာ စစ်ဆေးခဲ့ပါသည်။ အဆိုပါစစ်ဆေးမှုတွင် ကလေးအထူးကုဆရာဝန်အဖွဲ့၊ ဆေးဘက်ဆိုင်ရာစက်ကိရိယာများနှင့် ကလေးအသက်ကယ်ကိရိယာများ အဆင်သင့်ရှိမှု၊ အဆောက်အအုံ၊ ကလေးများအတွက် သီးသန့်ဘေးကင်းလုံခြုံရေးစနစ်၊ ပရိဘောဂ၊ တံခါးလော့ခ်စနစ်၊ မီးဘေးလုံခြုံရေးနှင့် ဆေးဝါးစီမံခန့်ခွဲမှုစနစ်များကို အလေးထားစစ်ဆေးခဲ့သည်။

JCI ကော်မတီက စစ်ဆေးအကဲဖြတ်ပြီးနောက် ဆေးရုံ ၂ ရုံလုံးအတွက် JCI အသိအမှတ်ပြုလက်မှတ်ကို တပြိုင်နက်တည်း ထုတ်ပေးခဲ့ပြီး၊ စင်ဖတ်ဆေးရုံအတွက် ဒုတိယအကြိမ်မြောက် အသိအမှတ်ပြုခြင်း ဖြစ်သည်။

စင်ဖတ်ကလေးဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ ဖတ်ချရာဝလိုင် က စင်ဖတ်ကလေးဆေးရုံတွင် ဖျားနာသောကလေးများနှင့် ကာကွယ်ဆေးထိုးရန်လာသော ကျန်းမာသောကလေးများ နေရာကို သီးခြားခွဲခြားထားသဖြင့် အခြားရောဂါပိုးများ ကူးစက်ခံရမည့်အန္တရာယ် မရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ၇ ထပ် အဆောက်အအုံတွင် ကလေးလူနာများအတွက် အတွင်းလူနာခုတင် ၅၉ ခုတင်အထိ ထားရှိပေးထားသည်။ ကလေးငယ်များ ဆေးရုံသို့လာရောက်ရာတွင် ကြောက်ရွံ့မှုမရှိစေရန်နှင့် စိတ်လက်ပေါ့ပါးစေရန် စင်္ကြံနှင့် စမ်းသပ်ခန်းများကို ကလေးများသဘောကျမည့် ပုံစံဖြင့် အလှဆင်ထားသည်။ ထို့အပြင် စင်ဖတ်ကလေးဆေးရုံတွင် အမြဲတမ်းကလေးအထူးကုဆရာဝန် ၁၄ ဦးရှိပြီး၊ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးများတွင် အဖြစ်များသော အသက်ရှူလမ်းကြောင်းရောဂါများကို ကုသပေးရန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကလေးအထူးကုဆရာဝန် ၅ ဦး ပါဝင်သည်။

စင်ဖတ်ကလေးဆေးရုံသည် ကလေးလူနာများအတွက် သီးသန့်ဖွင့်လှစ်ထားသော ပုဂ္ဂလိက ကလေးဆေးရုံကြီးဖြစ်ပြီး အမေရိကန်နိုင်ငံ JCI ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်း အသိအမှတ်ပြုခံထားရသဖြင့် နိုင်ငံတကာအဆင့်မီ ကလေးစောင့်ရှောက်မှု အရည်အသွေးကို အပြည့်အဝ အာမခံပေးလျက်ရှိသည်။

စင်ဖတ်ကလေးဆေးရုံ၏ ကလေးရောဂါခွဲစိတ်နှင့် အထူးကုဆရာဝန်ကြီးများ

  • မွေးကင်းစကလေး အထူးကုဆရာဝန်
  • ကလေးနှလုံးရောဂါ အထူးကုဆရာဝန်
  • ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ အထူးကုဆရာဝန်
  • ကလေးဓာတ်မတည့်မှုနှင့် ကိုယ်ခံအားရောဂါ အထူးကုဆရာဝန်
  • ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်
  • ကလေးအရေပြားရောဂါ အထူးကုဆရာဝန်
  • ကလေးသွေးရောဂါနှင့် သာလာဆီးမီးယား အထူးကုဆရာဝန်
  • ကလေးအာရုံကြောရောဂါ အထူးကုဆရာဝန်
  • ကလေးအာရုံကြောနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အထူးကုဆရာဝန်
  • ကလေးကျောက်ကပ်ရောဂါ အထူးကုဆရာဝန်
  • ကလေးအစာအိမ်နှင့် အသည်းရောဂါ အထူးကုဆရာဝန်
  • ကလေးဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ အထူးကုဆရာဝန်
  • ကလေးခွဲစိတ် အထူးကုဆရာဝန်
  • ကလေးကူးစက်ရောဂါ အထူးကုဆရာဝန်
  • ကလေးသွားနှင့် ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်
  • ကလေးအထူးကြပ်မတ်ကုသဆောင် (PICU) / ကလေးအရေးပေါ်ကုသမှုဆရာဝန်

ကလေးရောဂါအထူးကုဆရာဝန်ကြီးများမှ ၂၄ နာရီပတ်လုံး ကလေးရောဂါများကို စမ်းသပ်ကုသပေးလျက်ရှိပါသည်။ သင့်ရင်သွေး မအီမသာဖြစ်ပါက ညဉ့်နက်ချိန်များတွင်လည်း စိတ်အေးချမ်းသာစွာ ယုံကြည်စိတ်ချနိုင်ပါသည်။